၁ယော၁:၉မှာ အပြစ်ကိုဝန်ချတောင်းပန်ရင်ဘုရားကကျွန်တော်တို့ အပြစ်ကိုခွင့်လွှတ်ပေးပီး ဒုစရိုက်ရှိသမျှကိုကင်းစင်စေမယ်လို့ဖော်ပြတယ်။အဲဒီတော့တစ်ခါဝန်ခံထားရုံနဲ့လုံလောက်နိုင်မလား။ထပ်ခါထပ်ခါဝန်ချတောင်းပန်ရမလားဆိုတဲ့အချက်လေးကို ရှင်းရှင်းလင်းလင်းသိဖို့လိုလိမ့်မယ်။ တမန်တော်ကြီးရှင်ပေါလုကဧဖက်၁:၆-၈မှာ သားတော်ရဲ့အသွေးအားဖြင့်အပြစ်လွှတ်တော်မူခြင်းတည်းဟူသော ရွေးနှုတ်တော်မူခြင်းကျေးဇူးကိုငါတို့သည်ခံရကြ၏လို့ဖော်ပြတယ်။ ဒီနေရာမှာအပြစ်လွှတ်တော်မူခြင်းဆိုတာဘာကိုဆိုလိုတာလဲ။ ဒါကိုသိဖို့လိုပါလိမ့်မယ်။ အပြစ်လွှတ်ခြင်းဆိုတာဒီကျမ်းပုဒ်မှာရည်ညွှန်းတာကဝိညာဥ်ကယ်တင်ခြင်းကိုဆိုလိုတယ်။ ကျွန်တော်တို့ရဲ့အပြစ်တွေကိုယူလိုက်ခြင်း၊ကျွန်တော်တို့ဆီကအပြစ်တွေကို သူ့ရဲ့အသွေးတော်နဲ့ ဖယ်ရှားလိုက်တယ်။
ဆာလံ၁၀၃:၁၂မှာ “အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာစွန်းနှင့်ဝေးသည် အတိုင်းငါတို့အပြစ်များကိုငါတို့နှင့်ဝေးစေတော်မူ၏။”လို့ပြောထားတယ်။ဒါဟာအပြစ်တရားစီရင်ရေးဆိုင်ရာကိစ္စမှာ ယေရှုခရစ်တော်ရဲ့ကယ်တင်ခြင်းအားဖြင့်ခွင့်လွှတ်ပေးလိုက်ပြီဖြစ်တယ်။ အဓိပ္ပါယ်ကတော့ဒီခွင့်လွှတ်ခြင်းဟာကျွန်တော်တို့ရဲ့ အတိတ်ကအပြစ်၊ ပစ္စုပန် အပြစ်နဲ့ အနာဂတ်မှာပြုလုပ်မယ့် အပြစ်အားလုံးအတွက်အကျုံးဝင်တယ်။ ထာဝရကာလအထိအပြစ်စီရင်ခြင်းမှကင်းလွတ်ခွင့်ရလိုက်ပီဖြစ်တယ်။ သို့သော်မသေခင်အထိလုပ်နေတဲ့အပြစ်ရဲ့အကျိုးဆက်ကိုတော့မသေခင်အထိပေးဆပ်ခဲ့ရအုံးမှာဖြစ်တယ်။
အရက်သောက်ရင်အသဲထိခိုက်မယ်၊ဆေးလိပ်သောက်ရင်အဆုတ်ထိမယ်။အငန်စားရင်သွေးတိုးမယ်။ အချိုစားတာများရင်ဆီးချိုဖြစ်မယ်။ ဒီလိုအကျိုးဆက်မျိုးကိုရွေးရင်ဒီရလဒ်နဲ့အကျိုးဆက်တွေဖြစ်လာမယ်။ နောက်ဆုံးကျွန်တော်တို့ ရဲ့ရုပ်ခန္ဓာဟာအပြစ်ရဲ့အခဖြစ်တဲ့သေခြင်းနဲ့လူတိုင်ကြုံလာရမယ်။ ဒီသေခြင်းအတွက်အာမခံချက်မရှိဘူး။ ကျမ်းစာကလည်း အတိအလင်းပြောထားပီးသားပါ။ သို့သော် ဒီနာကျင်မှုဟာဒီဘဝအတွက်လုံလောက်တယ်။ နောက်ဘဝအထိ ဒီနာကျင်မှုတွေဆက်ပါမလာတော့ဘူး။ ကဲလိုရင်းကိုပြန်ဆက်ရင်ဖြင့် ဧဖက်၁:၆-၈ နဲ့ ၁ယော၁:၉ ကြားထဲ ကကွဲပြားခြားနားချက်ကိုသိထားရလိမ့်မယ်။
ဧဖက်၁:၆-၈ကတော့ အထက်ကရှင်းပြခဲ့ပီးသလို ထာဝရအပြစ်စီရင်ခြင်းဆိုင်ရာခွင့်လွှတ်ခြင်းဖြစ်ပီး၊ ၁ယော၁:၁-၉ကတော့နေ့စဥ်ပြုမိမှားမိတဲ့ ဒုစရိုက်အပြစ်တွေအတွက်ကိုဝန်ချဖို့ပြောနေခြင်းပါ။အထက်ကပြောခဲ့သလို ဘုရားကအတိတ်၊၏ပစ္စုပန်နဲ့အနာဂတ်အတွက်တောင်ခွင့်လွှတ်ပေးခဲ့ပီပဲ။ ဘာကြောင့်ထပ်ပီး အပြစ်ဝန်ချရအုံးမလဲလို့ မေးစရာရှိပါတယ်။ ဒီအဖြေကိုပြောရရင် ဒီဝန်ချခြင်းဟာ(Relationship) မိတ်သဟာယအတွက်ပါ။ ဘုရားနဲ့ကျွန်တော်တို့ဟာနေ့စဥ်နေ့တိုင်းမိတ်သဟာယဖွဲ့ ကြတယ်။ သို့သော်တစ်ခါတလေဘုရားမကြိုက်တာလည်းပြုလုပ်မိတတ်ကြတယ်။ အိမ်မှာအဖေမကြိုက်တာဒါမမဟုတ်၊ အဖေပြောတဲ့စည်းကမ်းတစ်ခုပစ္စည်းတစ်ခုကိုယူမိတယ်ဆိုပါတော့။ ကျွန်တော်တို့တော်စပ်မှုကတော့သားအဖပဲ။အပြစ်လုပ်လိုက်ပေမဲ့ သားအဖတော်နေအုံးမှာပဲ။ သို့သော်အဖေနဲ့ကိုယ့်ကြားဆက်ဆံရေးက အရင်လိုကောင်းနိူင်ပါ့မလား။ ကိုယ့်အနေနဲ့ကိုယ် လုပ်မိတဲ့အမှားအတွက်အဖေ့ကိုတောင်းပန်စကားဆိုလိုက်ရင်၊ ဝန်ချလိုက်ရင်ဒီဆက်ဆံရေးဟာပြန်လည်ပီးကောင်းမွန်လာမယ်။ ကိုယ်ကိုတိုင်ကလည်းအဖေ့ကိုအားနာမှုနဲ့ ဒီအမှားကိုနောက်တကြိမ်ပြုလုပ်ဖို့ဝန်လေးသွားလိမ့်မယ်။
ဒါဟာဘုရားနဲ့ကျွန်တော်တို့ကြားမှာမဖြစ်မနေပြုလုပ်ရမယ့်အပြစ်ဝန်ချတောင်းပန်ခြင်းပါ။ မိတ်သဟာယမပျက်ဖို့၊ဘုရားနဲ့ ရင်းနှီးကျွမ်းဝင်ခြင်းရရှိဖို့အတွက်အပြစ်ဝန်ချခြင်းဟာသေချာပေါက်လုပ်ရမယ့်ယုံကြည်သူတယောက်ရဲ့တာဝန်ပါ။ကျမ်းစာမှာလည်းပြောပီးသားပဲ။ ကျွန်တော်တို့ဟာဘုရားရဲ့ဖြောင့်မတ်ခြင်းပေတံနဲ့တိုင်းရင်ဘယ်သူမှာစာမေးပွဲအာင့်မယ့်လူတွေမဟုတ်ကြလို့ပါ။ အပြစ်ဝန်ချစရာမလိုတော့ဘူးဆိုတဲ့သွန်သင်ချက်တွေဟာကျွန်တော်တို့ကိုဘုရားနဲ့ သိမသာဝေးကွာလာစေတဲ့သွန်သင်ချက်ဖြစ်ပြီး၊ မိတ်သဟာယပျက်ပြားဖို့ဦးတည်စေတဲ့လွဲမှားတဲ့သွန်သင် ချက်ဖြစ်ပါတယ်။ ဘုရားမကြိုက်တာကိုဩတ္တပစိတ်ကြည်ကြည်နဲ့ လုပ်နိုင်ဖို့မိမိစိတ်ကိုလှည့်စားပီးစိတ်ဖြေတဲ့စနစ်တွေနဲ့ သွန်သင်ချက်တွေကိုသတိပြုနိုင်ဖို့ ဒီပို့စ်လေးတင်လိုက်ပါတယ်။ ကျေးဇူးတော်ဟာအပြစ်လွတ်လပ်စွာလုပ်ဖို့ လိုင်စင်မဟုတ်ပါ။
#AUNG MYINT MYAT