ဒီမေးခွန်းကိုစာဖတ်သူတို့လည်းမေးဖူးကြလိမ့်မယ်။စာရေးသူလည်းခပ်ငယ်ငယ်တုန်းကမေးခဲ့ဖူးတယ်။ စိတ်ကျေနပ်စရာအဖြေမျိုးရယ်တော့မရခဲ့ဖူးဘူး။ ကဲဒါနဲ့စပ်လျဥ်းပီးကျမ်းစာမှာဘာပြောသလဲကြည့်ရအောင်။ သမ္မာကျမ်းစာထဲမှာ မိတ်ဆွေအပါဝင်အားလုံးသက်ရှိသက်မဲ့အကုန်လုံးကိုဘုရားကသူ့ဘုန်းတန်ခိုးနဲ့ဘုန်းတန်ခိုးအတွက် ဖန်ဆင်းထားထားတယ်လို့ပြောထားတယ်။. ရောမ၁၁:၃၆မှာ အရာခပ်သိမ်းအားလုံးကဘုရားအထဲကဖြစ်တည်လာတယ်။ ဘုရားအားဖြင့်ဖြစ်တည်လာတယ်။ကိုယ်တော်ဘုရားအဖို့အလို့ငှါဖြစ်တယ်။ ကျွန်တော်တို့အားလုံးသိတဲ့အတိုင်း အာဒံနဲ့ဧဝဟာတားမြစ်ထားတဲ့ဘုရားရဲ့စကားကို ချိုးဖောက်ခဲ့တဲ့အတွက်အပြစ်သားဘဝကိုရောက်ရှိသွားကြတယ်။
တကယ်တော့ဘုရားကအလုံးစုံကိုသိသောဘုရားဖြစ်တယ်။ ဆာလံ၁၃၉:၁-၆မှာကြည့်ရင်ဘုရားမသိတာ၊ ဘုရားမတတ်နိုင်တာဘာမှမရှိကြောင်းတွေ့ရသလို ဟေရှာယ ၄၆:၁၀မှာကမ္ဘာမစမီကနေ ဟိုးအနာဂတ်ကပ်ကာလအဆုံးထိကိုကြိုသိပီးတော့ သူ့အကြံအစည်တော်ထဲမှာပဲရှိမယ်လို့ဖော်ပြထားတယ်။ အဲဒီလောက်တန်ခိုးတော်နဲ့ပြည့်ဝပီးအာဒံနဲ့ဧဝဟာဒီအပြစ်ကိုချိုးဖောက်မယ်ဆိုတာသူမသိပဲနေပါ့မလား။သိသိရက်ကြီးနဲ့ဘာလို့ ဖန်ဆင်းခဲ့သေးလဲ၊ ဒါမမဟုတ်မဖြစ်အောင်ဘာလို့ မတားဆီးခဲ့သလဲ။ ဘုရားကဒါသက်သက်ချောက်ချတာလား။
ယာကုပ်၁:၁၃အရ အပြစ်သွေးဆောင်ခြင်းဟာဘယ်တော့မှဘုရားဆီကမလာဘူးဆိုတာကျွန်တော်တို့သိထားရမယ့်အချက်ဖြစ်တယ်။ကောင်းမကောင်းသိကျွမ်းရာအပင်ကိုဘုရားကမစားခိုင်းဘူးဆိုတာကျွန်တော်တို့သိပီးသားပဲ။ ဒါဆိုဘာလို့ ဖန်ဆင်းထားသလဲဆိုတာမေးစရာရှိတယ်။ကျွန်တော်တို့နားလည်ထားဖို့လိုတာကဘုရားရဲဖန်ဆင်းခံတွ အများကြီးရှိတယ်။ ဘုရားရဲ့ဖန်ဆင်းခြင်းထဲမှာလူနဲ့မဆိုင်တဲ့တခြားအရာတွေလည်းရှိနေသေးတယ်။စာတန်မာနတ်၊နတ်ဆိုး၊ကောင်းကင်တမန်နဲ့တကွဖန်ဆင်းခံတွေအများကြီးရှိတယ်။ ကောင်းမကောင်းသိကျွမ်းရာအပင်ကိုဘုရားကလူနဲ့မဆိုင်တဲ့တစ်ခြား ရည်ရွယ်ချက် တစ်ခုခုနဲ့ဖန်ဆင်းထားတယ်လို့ပဲမှတ်ရမှာပဲ။ ဒါဟာဘုရားအပိုင်းပဲလေ။ သူတစ်ခုခုအသုံး ပြုဖို့အတွက်ဖန်ဆင်းထားတာတော့ကျိန်းသေတယ်။
ကဲလူနဲ့ဆိုင်တာပဲသွားကြရအောင် လူကိုဖန်ဆင်းပီးဧဒင်ဥယဥ်ထဲမှာထားတယ်။ ဧဒင်ဥယဥ်ဆိုတာ ပထဝီအနေအထားအထောက်အထားတွေကို ခဏမေ့ထားလိုက်ပီး ဧဒင်ဥယဥ်ရဲ့ သဘောသဘာဝနဲ့ သူ့ဖြစ်ခြင်း ကိုပြန်သွားရအောင်။လူဟာအပြစ်ဆိုတာစမဝင်ခင်အထိဧဒင်ဥယဥ်ထဲမှာရှိနေတယ်။ အဲဒီနေရာမှာအိုခြင်း၊နာခြင်း၊သေခြင်းမရှိဘူး။ ဓမ္မအတွေးအခေါ်ပညာရှင်တွေကဒါကို ပရဒိသုဘုံရယ်လို့ လည်းသုံးသပ်တယ်။ ကမ္ဘာဦးကျမ်း၁-၂ဟာပရဒိသုဘုံရဲ့ nature ဖြစ်ပီး၊ ကမ္ဘာဦး၃နဲ့ဗျာဒိတ်အခန်းကြီး၂၀၊ အခန်းကြီး၃မှာ ပရဒိသုဘုံကိုဆုံးရှုံးလိုက်ရတဲ့အကြောင်းတွေ့ရမယ်။ လူဟာအပြစ်သားဘဝနဲ့ ကြိမ်ခြင်းကို ခံလိုက်ရပီး ကျွန်တော်တို့ခုရောက်နေတဲ့အိုခြင်း၊နာခြင်း၊ သေခြင်းနဲ့ တည်ဆောက်ထားတဲ့ ဘုံကိုရောက်နေရတယ်။
ဗျာဒိတ်၂၁-၂၂မှာပရဒိသုဘုံကိုပြန်ညွှန်းထားတယ်။ အသက်ပင်ဆိုတာဧဒင်ဥယဥ်တည်ရှိခဲ့တဲ့နေရာတစ်ခုပဲ။ ဗျာဒိတ်၂၂ထဲမှာအဲဒီအသက်ပင်နဲ့တကွအနာဂတ်မှာဖြစ်မယ့်အရာတွေကိုမြင်တွေ့နိုင်တယ်။ တမန်တော်ဝတ္ထု၂:၂၁-၂၇ ကျွန်တော်တို့ကိုသေခြင်းမှာမထားပဲနဲ့အသက်ရှင်ခြင်းလမ်းကိုသခင်ခရစ်တော်အားဖြင့်ပို့ဆောင်ပေးမယ်ဆိုတဲ့ရှေးမဆွကတည်းကကြံစည်ထားပြီးဖြစ်တယ်။
သို့သော်ဘုရားကလူကိုစက်ရုပ်လို အဝေးထိန်းခလုတ်နဲ့မထိန်းထားဘူး။ လွတ်လပ်စွာရွေးချယ်ခွင့်ပေးထားတယ်။ဒီအချက်ကိုကြည့်ခြင်းအားဖြင့်သူ့အချစ်မှာအတ္တမပါဘူးဆိုတာကျွန်တော်တို့သိနိုင်တယ်။ ကျွန်တော်တို့လွတ်လပ်စွာအသက်ရှင်ဖို့ဆုံးဖြတ်ဖို့ပေးထားတယ်။တစ်ဖက်မှာလည်းသူ့မှာကယ်တင်ခြင်းအတွက်လမ်းကြောင်းကိုပြင်ဆင်ထားပီးဖြစ်တယ်။
၁။ ဘုရားကလူကျရှုံးမယ်ဆိုတာကြိုသိတယ်။
၂။ဒါကြောင့်သခင်ခရစ်တော်အားဖြင့်ဒီအပြစ်တရားထဲကပြန်ရွေးနှုတ်ဖို့ပြင်ဆင်ထားခဲ့တယ်။
၃။တစ်နေ့ကျရင်လူသားအားလုံးဘုရားသခင်ရဲ့ဘုန်းနာမကိုချီးမွမ်းရမယ့်အချိန်ရှိလာအုံးမှာဖြစ်တယ်။ ဘုရားရဲ့ရည်ရွယ်ချက်ကိုသိလာကြဖို့ဖြစ်တယ်။(ဆာလံ၈၆:၉၊ဧဖက်၁:၁၀)
လူရဲ့ချိုးဖောက်ခြင်းဟာ ဘုရားရှေ့မှာသိပ်ထူးဆန်းတဲ့အရာကြီးတစ်ခုမဟုတ်ဘူးလမ်းဆုံးသွားတာမဟုတ်ဘူး။ တစ်နည်းနည်းနဲ့ လူဟာဘုရားကယ်တင်ခြင်းအစီစဥ်ထဲမှာရှိနေတယ်ဆိုတာ ဘုရားကသူ့ရဲ့ နှုတ်ကပတ်တော် နဲ့ဖော်ပြနေတယ်။
(ရောမ၁:၁၈-၂၅/ဆာလံ၁၉:၁)
ဘုရားသခင်ဘက်ကနေပြန်ကြည့်ရင်လူသားကိုဆုံးရှုံးခြင်း၊အပြစ်သားဘဝရောက်ရှိခြင်း၊ အပြစ်ကနေ လွတ်မြောက်ဖို့အစီစဥ်ဆွဲခြင်းအပြစ်ကိုချေဖျက်ခြင်း၊ပြန်လည်ရွေးနှုတ်ကယ်တင်ခြင်း၊ ဒီဖြစ်စဥ်အစအလယ်အဆုံးဟာ ပရမ်းပတာမဟုတ်ပဲနဲ့ ဘုရားရဲ့ဘုန်းတော်ထင်ရှားမှုကိုပြနေတဲ့ဖြစ်စဥ်ကြီးဖြစ်တယ်။ ဘုရားကဒီရွေးနှုတ်ခြင်းဖြစ်စဥ် အစကတည်းကအရိပ်အမြွက်နဲ့ပြသွားတယ်။
ကမ္ဘာဦး၃:၂၁အပြစ်မဲ့တဲ့သတ္တဝါရဲ့အရည်ခွံနဲ့ လူ့ရဲ့အရှက်ကိုဖုံးအုပ်ပေးခဲ့ခြင်းက အပြစ်မဲ့တဲ့သားတော်ဟာကျွန်တော်တို့အရှက်ကွဲရမယ့်နေရာမှာကျွန်တော်တို့ကိုယ်စား ခံပေးဖို့ ရှေ့ပြေး အရိပ်အမြွက် ပြသွားတာဖြစ်တယ်။ အစကနဦးမှာကတည်းက ဘုရားမှာအကြံစည်ရှိထားပီးကြောင်းနားလည်ရမှာပါ။ဘုရားကသူ့ရဲ့စကားအပေါ်ယုံကြည်တဲ့လူကိုကယ်တင်တယ်ဆိုတာနောဧရဲ့အဖြစ်အပျက်အားဖြင့်ကြိုတင်ပုံဖော်ထားပီးဖြစ်တယ်။ အနာဂတ်မှာစာတန်ရဲ့လှည့်ကွက်တွေရဲ့နိဂုံးပိုင်းနဲ့ဘုရားရဲ့သီးခံခြင်းအတိုင်းတာနဲ့တရားမျှတခြင်းအပိုင်းကိုဗျာဒိတ်၂၀:၇-၁၀မှာတွေ့ရတယ်။ဖြစ်လာမယ့်အပိုင်းတွေကြိုတင်ဖော်ပြထားပြီး။
ဘုရားမေတ္တာရဲ့နက်နဲမှုကိုသိနိုင်ဖို့ရန်အတွက်သခင်ရစ်တော်ရဲ့ကိုယ်စားအသခံခြင်းနဲ့ရွေးနှုတ်ခြင်းဖြစ်စဥ်အားလုံးဟာဖန်ဆင်းခြင်းရဲ့အစိတ်အပိုင်းဖြစ်တယ်ဆိုတာ၁ယော၄း၁၆၊ ၁ယော၄း၆အားဖြင့်တွေ့နိုင်တယ်။ ဒါဆိုရင်ဘုရားရဲ့အကြံအစည်နဲ့သဘောထားကို ဇတ်ရည်လည်ပီ ထင်ပါရဲ့။