တကယ်တော့ဒီအကြောင်းအရာလေးဟာ အရမ်းရိုးရှင်းလွယ်ကူပီးအခြေခံကျတဲ့အကြောင်းအရာလေးပါ။ ယုံကြည်သူတွေအတွက်ဆို နားဝအောင်ကြားရတဲ့အကြောင်းအရာလေးပါ။ သို့သော်ယုံကြည်သူလူသစ်တွေနဲ့ယုံကြည်ခြင်းမှာလမ်းပျောက်နေသူတွေအတွက်တော့အများကြီး အထောက်အကူပြုပေးမှာပါ။ ကဲဟုတ်ပီ ကယ်တင်ခြင်းရရှိဖို့ဘာလုပ်ရမလဲ??
အချက်၃ချက်ကိုသိဖို့လိုပါတယ်။
၁။ အပြစ်သားဖြစ်ကြောင်းဝန်ခံပါ။ (ရောမ၃:၂၃/၆:၂၃/၁ယော၁:၁၀)
မိမိဟာအပြစ်သားဖြစ်တယ်လို့ဝန်ခံဖို့ဟာ ပထမဆုံးလုပ်ရမယ့်အရာနဲ့အရေးကြီးဆုံးအရာဖြစ်တယ်။
၂။ ယေရှုခရစ်တော်ကိုယုံကြည်ပါ (ယော၁:၁၂)
ဘုရားသခင်ရဲ့သားသမီးဖြစ်ဖို့၊ ဘုရားသခင်ရဲ့မိသားစုဝင်ဖြစ်ဖို့တစ်ခုတည်းသော
နည်းလမ်းပါ။
၃။သခင်ခရစ်တော်ကိုမိမိရဲ့အရှင်သခင်ဖြစ်ကြောင်းနှုတ်ဖြင့်ဝန်ခံပါ။(ရောမ၁၀:၉)
မိမိရဲ့ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်ပီးနှုတ်နဲ့ဝန်ခံခြင်းဆိုတဲ့အဆင့်ထိလုပ်ဆောင်ရမှာဖြစ်ပါတယ်။ ထိုမှတစ်ဆင့်အရာရာတိုင်းကိုဘုရားကိုအုပ်စိုးခွင့်ပေးနိုင်ဖို့ကတော့ခရစ်ယန်အသက်တာရဲ့ ရင့်ကျက်တဲ့ အဆင့်ဆင့်အပိုင်းတွေပဲဖြစ်တယ်။လောကရဲ့နေ့ရက်တွေကိုဖြတ်ကျော်နေရင်း နေ့ရက်တိုင်းကတော့ ကိုယ်ထင်သလိုကိုယ်မျော်လင့်သလိုဖြစ်ချင်မှဖြစ်လိမ့်မယ်။ တခါတရံကျွန်တော်တို့ဟာဘုရားနဲ့နီးသလိုခံစားရပီး၊တခါတရံဘုရားကကျွန်တော်တို့နဲ့မရှိနေသလိုခံစားရတယ်။ ယုံကြည်သူရဲ့အစပိုင်းခရစ်တော်ကိုစတင်ယုံကြည်လက်ခံစမှာ ကြီးမားတဲ့ဝမ်းမြောက်ခြင်းတွေ၊ပြသနာအခက်အခဲတွေထဲကနေလွတ်မြောက်ခြင်းတွေခံစားရပီး ကြာလာတာနဲ့အမျှတဖြည်းဖြည်း ရိုးလာသလိုလို အီလာသလိုလိုဖြစ်လာကြတယ်။
ခံစားချက်တွေအပေါ်မှာမရပ်တည်ပါနဲ့
ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ ကျွန်တော်တို့ရဲ့စိတ်ခံစားချက်နဲ့တိုက်ရိုက်အချိုးမကျသလို၊ လက်ရှိဖြစ်ပျက်နေတဲ့အခြေအနေနဲ့ဘုရားစကားရဲ့ဆက်စပ်မှုကိုနားလည်သဘောပေါက်ဖို့ဆိုတာကလည်း လူမှာအကန့်အသတ်တွေရှိနေတယ်။ တခုစိတ်ထဲမှာစွဲမြဲမှတ်ထားရမှာကအခြေအနေကိုလူကမပိုင်ဘူး၊ သို့သော်ဘုရားကပိုင်တယ်။အခြေအနေအားလုံးရဲ့ အထက်မှာသူရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။
ရောမ၁၀:၉
အခြေအနေပေါ်မှာကြည့်ပီးဆုံးဖြတ်တာထက်ဘုရားနှုတ်ကပတ်တော်ပေါ်မှာရပ်တည်ဖို့ကယုံကြည်သူရဲ့ရပ်တည်ယုံကြည်ချက်ပါ။ ဒါဟာ Blind Faith လို့ခေါ်တဲ့မျက်ကန်းယုံကြည်မှုမျိုးမဟုတ်ပါဘူး။ ဘုရားပေးတဲ့သက်သေအပေါ်မှာမျက်မှောက်ပြုပါ။ မောရှေဟာဘုရားကသူ့ကိုရွေးကောက်တယ်လို့ သေချာစွာသိနိုင်ဖို့သက်သေတွေကိုတောင်းခဲ့တယ်။ ယုံကြည်သူတိုင်းရဲ့အသက်တာမှာ ဘုရားရဲ့သက်သေဆိုတာရှိတယ်။ အဲဒီသက်သေတွေက ကျွန်တော်တို့ရဲ့ ယုံကြည်ခြင်းကို ပိုမိုသေချာစေဖို့ ဖြစ်ပါတယ်။ (ယော၁၄:၂၅/၂၆၊ ဒေသနာ၇:၁၈-၂၀)
ရောမ၇:၁၄-၂၅ အရယုံကြည်သူတစ်ယောက်ရဲ့အသက်တာမှာဘုရားအလိုတော်နဲ့ကျနော်တို့ရဲ့စိတ်ဆန္ဒတိုက်ပွဲတွေအပွဲပွဲနွှဲရလိမ့်မယ်။ သံသယတိုက်ပွဲနဲ့စိတ်ပျက်ခြင်းတွေကြုံတွေ့လာရင် သင်သိထားရမှာက ဒါဟာကြီးထွားခြင်းရဲ့လမ်းစပေါ်ရောက်နေပီဖြစ်ကြောင်းသိထားပါ။ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာကြီးထွားလာတဲ့လမ်းခုလတ်မှာတောင် ကျွန်တော်တို့နာကျင်မှုတွေစတင်ခံစားလာရတယ်မဟုတ်လား။(သွားပေါက်လာချိန်၊ အသံပြောင်းလာချိန်၊ ကိုယ်ခန္ဓာပြောင်းလဲလာချိန်၊ ) ဒီသဘောတရားတွေလိုပဲယုံကြည်ခြင်းတိုက်ပွဲခရီးစဥ်ထဲရောက်နေပီဖြစ်တယ်။ယုံကြည်ခြင်းကိုမရိုင်မလဲတည်ကြည် သွားနိုင်ဖို့ကတော့နှုတ်ကပတ်တော်မှာရပ်တည်အသက်ရှင်သွားဖို့ကအရေးအကြီးဆုံးပါပဲ။
#AUNG MYINT MYAT