ရှင်မာကု၃:၂၈မှာယေရှုခရစ်တော်ကလူတွေရဲ့အပြစ်ပြုလုပ်ခြင်း၊အမျိုးမျိုးသောပြစ်မှားခြင်းကိုခွင့်လွှတ်လို့ရတယ်။ ဘုရားကိုကဲ့ရဲ့တဲ့ပြစ်မှားခြင်းအမျိုးမျိုးကိုလည်း. ခွင့်လွှတ်လို့ရတယ်။သန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့တဲ့အမှုကိုတော့ ခွင့်လွှတ်လို့မရသလိုထာဝရပြစ်ဒါဏ်တောင်ခံရမှာဖြစ်တယ်လို့ဖော်ပြတယ်။စဥ်းစားကြည့်ပါ။လူတွေလုပ်နေတဲ့အပြစ်ကိုခွင့်လွှတ်ပေးတဲ့အပြင်ဘုရားကိုကဲ့ရဲ့တာလည်းခွင့်လွှတ်ပေးသေးတယ်။ သန့်ရှင်းသောဝိညဥ်တော်ကို ကဲ့ရဲ့တာတော့လုံးဝလုံးဝအာမခံချက်မရှိခွင့်လွှတ်လို့မရ အပြစ်ဒါဏ်လည်းသင့်မယ်။
မသဲ၁၂:၃၁-၃၂ထဲမှာလည်းယေရှုက သူ့ကိုပြစ်မှားတာတောင်ခွင့်လွှတ်ပီးမှသန့်ရှင်းသောဝိညဥ်တော်ကို နှုတ်နဲ့ပြစ်မှားသောသူရဲ့အပြစ်ကတော့အခုဘဝရောနောင်ဘဝရော ခွင့်မလွှတ်ဘူးလို့ပြောတာ တွေ့ရတယ်။ကဲဒါဆိုဒီကိစ္စကယုံကြည်သူတစ်ယောက်အနေနဲ့သေချာသိဖို့လိုလာပီးမဟုတ်လား။ သန့်ရှင်းသောဝိညဥ်တော်ကိုကဲ့ရဲ့တယ်ပြစ်မှားတယ်ဆိုတာဘာလဲ အတိအကျသိမှဖြစ်မှာနော။
အင်္ဂလိပ်လို Blasphemy ဆိုတာနှုတ်အားဖြင့်သို့မဟုတ်အပြုအမူအားဖြင့်ဘုရားကိုကျိန်ဆဲတာလို့ အဘိဓာန် မှာပြောထားတယ်။ ထွက်မြောက်ရာ၂၀:၇မှာတော့ထာဝရဘုရားရဲ့နာမတော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုသောသူကိုအပြစ်ရှိတဲ့လူလို့ဖော်ပြတယ်။ ဘုရားနာမတော်အလွဲသုံးစားပြုခြင်းမျိုးဖြစ်တယ်။
ဘာကြောင့်ခွင့်မလွှတ်နိုင်တာလဲ
ယေရှုခရစ်တော်ကဘာကြောင့်ဒီလိုပြောရသလဲဆိုတဲ့နောက်ခံသမိုင်းကိုကြည့်တဲ့အခါမှာမာကု၃:၃၀ မှာ ယေရှုခရစ်တော်ကိုနတ်ဆိုးစွဲသူလို့ဖာရိရှဲတွေကစွပ်စွဲတယ်။ နတ်ဆိုးနှင်ထုတ်တဲ့ကိစ္စမှာဖာရိရှဲတွေကယေရှုဟာ စာတန်ရဲ့တန်ခိုးနဲ့နတ်ဆိုးနှင်ထုတ်တယ်လို့စွပ်စွဲကြတယ်။ ဒါဟာတစ်နည်းအားဖြင့်ယေရှုခရစ်တော်ရဲ့ဘုရားတန်ခိုးနဲ့တတ်နိုင်ခြင်းကိုငြင်းပယ်တာဖြစ်တယ်။ ဒါဟာသန့်ရှင်းသောဝိညဥ်တော်က ဖော်ပြတဲ့ယေရှုခရစ်တော်ရဲ့ ကယ်တင်ခြင်းကိုလက်မခံခြင်းငြင်းပယ်ခြင်းဖြစ်တယ်။ ဟေဗြဲ၂:၁-၄ကိုဖတ်ပါ။ ဒီအဆက်အစပ်ကိုနားလည်လာလိမ့်မယ်။ သခင်ခရစ်တော်ကို ပုဂ္ဂိုလ်ရေးပုတ်ခပ်စော်ကားတာကိုဗွေမယူပေမဲ့သန့်ရှင်းသောဝိညဥ်တော်ကဖော်ပြတဲ့သခင်ခရစ်တော်ရဲ့မေရှိယဖြစ်ခြင်းကို ငြင်းပယ်သူဟာအပြစ်မလွတ်နိုင်ဘူးလို့ဆိုလိုတာပါ။ရှင်းအောင်ပြောရရင် ယေရှုခရစ်အားဖြင့်ဘုရားပေးတဲ့ကယ်တင်ခြင်းကို မယုံတာလက်မခံတာဟာသန့်ရှင်းသောဝိညဥ်တော်ရဲ့ လုပ်ဆောင်ခြင်းကိုစိတ်နာစေတဲ့အမှုပဲဖြစ်တယ်။ သခင်ခရစ်တော်ရဲ့တန်ခိုးနိမိတ်လက္ခဏာပြုခြင်းသို့မဟုတ်ဘုရားရဲ့ဗျာဒိတ်တော်နဲ့တန်ခိုးတော်ကိုနတ်ဆိုးရဲ့တန်ခိုးနဲ့လုပ်တယ်လို့စွပ်စွဲတဲ့အရာဟာ ဘုရားကို လက်မခံတဲ့ပြစ်မှုကြီးဖြစ်တယ်ဆိုတာ သိဖို့လိုတယ်။
မှတ်ချက်
အခြေအနေပေါ်မှာဘုရားကိုအပြစ်တင်တာဘုရားကနားလည်ပေးတယ်။ ဘုရားဖြစ်ခြင်းအပေါ်မှာတော့အပြစ်တင်လို့မရပါ။ဥပမာအဖေတစ်ယောက်ရဲ့လုပ်ဆောင်ချက်၊ဆုံးဖြတ်ချက်ကိုသားသမီးတစ်ယောက်အနေနဲ့အပြစ်တင်စောဒက တက်လို့ရပေမယ့်အဖေဖြစ်ခြင်းကိုအသိအမှတ်မပြုပဲတခြားလူတယောက်ကိုအဖေလို့ခေါ်တာမျိုးကိုဘေးနားကကြည့်နေတဲ့ဘယ်အဖေအရင်းကမှကြိုက်မှာမဟုတ်ပါ။
ဒီသဘောတရားမျိုးဖြစ်ပါတယ်။ အနီးစပ်ဆုံးအဓိပ္ပါယ်ရှင်းလင်းချက်ပါ။
(ဟေဗြဲ၃:၇-၁၃/၆:၄-၆)
ချဲ့တွေးပီးစဥ်းစားရင်ဗေဒင်၊ ယတြာ၊ စုန်းကဝေ၊ မှော်အတတ်နဲ့ အောက်လမ်း ပညာတွေဟာ ဘုရားကိုအားကိုးခြင်းရဲ့ ဆန့်ကျင်ဘက်အရာတွေ၊ သန့်ရှင်းသောဝိညဥ်တော်ကိုယခုဘဝမှာစိတ်နာစေမယ့်အရာတွေဖြစ်မယ်လို့ ဆက်စပ်ပီး
အဖြေထုတ်နိုင်လိမ့်မယ်လို့ ယူဆရင်း……….
#AUNG MYINT MYAT